ဟာသ (၁)
“ဒီမိုကရက်တစ်တွေနဲ့ ဆိုရှယ်လစ်တွေမှာ ဘုံတူတဲ့ အချက်တစ်ခုရှိတယ်ဗျ”
“ဘာများလဲ”
“ပြည်သူ့ပိုက်ဆံကို ဝေမျှသုံးကြတာလေ”
ဟာသ (၂)
“ဖေဖေ - အိပ်ယာဝင်ပုံပြင်တွေအားလုံးက “ဟိုးရှေးရှေးတုန်းက” ဆိုတာနဲ့ စတယ်နော်”
“သမီးရေ - အိပ်ယာဝင်ပုံပြင်တစ်ခုကတော့ “ကျုပ်သာရွေးကောက်ပွဲမှာ အရွေးခံရရင်” ဆိုပြီး စတယ်ကွဲ့”
ဟာသ (၃)
အမေရိကန်တွင် ကလင်တန် သမ္မတဖြစ်စဉ်က ဟာသဖြစ်သည်။
ကလင်တန် လက်ထက်တွင် သူ အဆိုတင်သွင်းမှု အတော်များများ ငြင်းပယ်ခံနေရသဖြင့် ပြည်သူလူထု လိုလားချက်ကို စုံစမ်းရန် ဆုံးဖြတ်ပြီး အတော်ဆုံး စုံထောက်တစ်ယောက် ခေါ်ပေးရန် အိမ်ဖြူတော်အရာရှိကို တာဝန်ပေးလိုက်သည်။ အရာရှိက အရှေ့အလယ်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသော အတော်ဆုံး စုံထောက်ကို ခေါ်ယူပြီး သမ္မတနှင့်တွေ့ဆုံပေးသည်။
ကလင်တန် - “မင်းကို ငါ့အရာရှိကတော့ အတော်ဆုံးလို့ ပြောတာပဲ။ ငါကတော့ မယုံနိုင်သေးဘူး။ ဒီတော့ နိုင်ငံအနှံ့သွားပြီး ငါ့ရုံးခန်းမှာ ဘာအပြောင်းအလဲ ဖြစ်တာကို မြင်ချင်ကြသလဲ စုံစမ်းပေတော့”
စုံထောက် - “ဟုတ်ကဲ့ပါ သမ္မတကြီး”
လေးလခန့်ကြာသောအခါ စုံထောက်ပြန်ရောက်လာပြီး ကလင်တန်ကို ဝင်တွေ့သည်။
ကလင်တန် - “ဘယ်လိုလဲဟေ့။ စုံစမ်းရခဲ့ပြီလား။ ပြည်သူတွေ ဘာလိုလားနေတယ်တဲ့လဲ”
စုံထောက်က တစုံတရာ မပြောဘဲ ကလင်တန်ကို သေနတ်ဖြင့် ထုတ်ပစ်လိုက်လေသည်။
ဟာသ (၄)
အမေရိကန် သမ္မတ အိုဘားမား ကမ်းခြေတွင် အပန်းဖြေနေစဉ် ပုလင်းတစ်လုံး မျောလာသဖြင့် ဖွင့်လိုက်ရာ နတ်သမီး တစ်ပါးထွက်လာလေသည်။
နတ်သမီး - အရှင်ဟာ ကျွန်မရဲ့ ကျေးဇူးရှင်ပါ။ ဒါပေမယ့် ကျွန်မက တန်ခိုးနည်းတဲ့ နတ်သမီးဖြစ်လို့ လိုရာဆု တစ်ခုသာတောင်းပါ။
အိုဘားမား - ကမ္ဘာကြီးနဲ့ လူသားတွေ ငြိမ်းချမ်းပါစေ။
နတ်သမီး - ဒါက တော်တော်ခက်တဲ့ ဆုတောင်းပဲ။ လွယ်တာလေး ပြောင်းဆုတောင်းပါလားရှင်။
အိုဘားမား - ဒါဆို ကျုပ်မိန်းမကို ကမ္ဘာမှာ အချောအလှဆုံး အမျိုးသမီးဖြစ်အောင် ဖန်ဆင်းပေးပါ။
နတ်သမီး - ကမ္ဘာကြီးနဲ့ လူသားတွေ ငြိမ်းချမ်းပါစေ။
ဟာသ (၅)
ဒတ်ခ်ျ (ဟော်လန်) လူမျိုးနှင့် အမေရိကန်တို့ နိုင်ငံတော် အလံအကြောင်း ပြောနေကြသည်။
အမေရိကန် - ခင်ဗျားတို့ရဲ့ အနီ၊ အဖြူ၊ အပြာ သုံးရောင်ချယ် အလံရဲ့ အဓိပ္ပာယ်က ဘာလဲဗျ။
ဒတ်ခ်ျ - အော် ဒါက နိုင်ငံတော်ရဲ့ အခွန်အခနဲ့ ပြည်သူတွေကို ကိုယ်စားပြုတယ်လေ။ အခွန်အခတွေ အကြောင်းပြောကြတဲ့အခါ ကျုပ်တို့ မျက်နှာတွေ နီလာကြရော။ ဆောင်ရမယ့် အခွန်နှုန်းကို သိရတဲ့အခါ မျက်ဖြူဆိုက်ချင်လာတယ်။ အဲ... တကယ်တန်းဆောင်ရရော ပြာကျပြီသာမှတ်ပေတော့။
အမေရိကန် - ဒါဆို ကျုပ်တို့နဲ့ တူတူပဲပေါ့။ ကျုပ်တို့သာတာကတော့ ကြယ်တွေပါမြင်ယောင်မိတယ်ဗျာ။
ဟာသ (၆)
အထွေထွေ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ရောက်လာသောစစ်သားကို အရာရှိကဘာကြောင့် တပ်ထဲဝင်လာသနည်းဟုမေးရာ စစ်သားက ရိုးရိုးသားသားဖြေရန် ဆုံးဖြတ်လိုက်သည်။
၁)အချက်အနေနဲ့ အမိနိုင်ငံတော်ကို ကျွန်တော်ကာကွယ်လိုတယ်
၂)အချက်အနေနဲ့ စစ်မှုထမ်းချင်းအားဖြင့် ယောက်ျားပီသလာမယ်
၃)အချက် ကျွန်တော်သဘောတူလား ဘယ်သူမှ မမေးဘူး...
ဟာသ (၇)
ဆရာဝန် - ကိုမြမောင် ဟိုနေ့ကကျွန်တော်ပေးလိုက်တဲ့ဆေး ခင်ဗျားအတွက် အထောက်အကူပြုရဲ့လား။
ကိုမြမောင် - ပြုပါသော်ကောလား ဆရာရယ်။ အဲဒီဆေးကို ကျွန်တော့်ဦးလေး မှားသောက်မိလို့ သူ့ဆီက အမွေတွေ အကုန်ရလိုက်တယ်လေ။
ဟာသ (၈)
ကောင်းဘွိုင်တစ်ယောက် အရက်ဘားအတွင်းသို့ ဒေါသတကြီးဝင်လာကမေးလေသည်။
“အပြင်မှာ ချည်ထားတဲ့ ကျုပ်မြင်းကို ဘယ်ကောင်ဆေးသုတ်သွားတာလဲ” ဘယ်သူမှပြန်မဖြေ။ ထိုအခါ ကောင်းဘွိုင်က “ဘယ်ကောင်သုတ်သွားတာလဲလို့ မေးနေတယ်နော်၊ နောက် ငါးမိနစ်မှ အဖြေမသိရင် ကျုပ်အဖေလွန်ခဲ့တဲ့ ဆယ်နှစ်ကလုပ်သလိုကျုပ်လုပ်လိုက်မှာနော်” ဟု ဒေါသတကြီး အော်ဟစ်လေသည်။
ထိုအခါ ဘားထဲမှ လူများအားလုံးကြောက်ရွံ့ပြီး မြင်းပေါ်မှဆေးများပြောင်စင်သွားအောင် အားလုံးဝိုင်းဆေးပေးလိုက်သည်။
ထိုအထဲမှ လူတစ်ဦးက ကြောက်ကြောက်လန့်လန့်ဖြင့် ကောင်းဘွိုင်ကို မရဲတရဲ သွားမေးလေသည်။
“လွန်ခဲ့တဲ့ ဆယ်နှစ်က ခင်ဗျားအဖေက ဘယ်လိုလုပ်လိုက်သလဲဟင်”
ကောင်းဘွိုင်ပြန်ဖြေလိုက်သောစကားက
“မြင်းနောက်တစ်စီးဝယ်လိုက်တယ်လေ”
ဟာသ (၉)
တပ်ကြပ်ကြီးသည် တပ်စုတစ်စုကို မိုင်၂၀ ခရီးပြေးခိုင်းသည်။ ၁၀ မိုင်ကျော်လာသောအခါ ရှေ့ဆက်မပြေးနိုင်တော့ကြောင်း တပ်သားများ ငြီးငြူလာကြသည်။
ထိုအခါ တပ်ကြပ်ကြီးက “တပ်စုရပ်၊ တန်းစီ၊ ရှေ့ဆက်မပြေးနိုင်တဲ့ရဲဘော် ရှေ့ကို ခြေလှမ်းသုံးလှမ်းတိုး” ဟုပြောရာ မောင်မြမှလွဲပြီး အားလုံးရှေ့ကိုတိုးလိုက်ကြသည်။
ဤတွင် တပ်ကြပ်ကြီးက “ရဲဘော်မောင်မြ တကယ့်စစ်သားဆိုတာ ဒီလိုမှပေါ့ကွ၊ မင်းတစ်ယောက်ပဲဆက်ပြေးနိုင်တယ်။ အားလုံးသူ့ကိုအတုယူကြ” ဟုပြောရာ မောင်မြပြန်ဖြေလိုက်ပုံက “ဘာဆက်ပြေးနိုင်တဲ့လူဟုတ်လား၊ ရှေ့ကိုတောင်ခြေသုံးလှမ်း လှမ်းဖို့အားမရှိတော့လို့ပါတပ်ကြပ်ကြီးရယ်”
ဟာသ (၁၀)
ထောင်ထဲသို့ ထောင်သားအသစ်တစ်ယောက်ပြောင်းလာသောအခါ လူဟောင်းများက မေးကြသည်။
“ဘာအမှုနဲ့လဲ ဘယ်လောက်ကျလဲ”
“ငါးခိုးဖမ်းမှုနဲ့ ထောင်ဆယ်နှစ်” ဟု ပြန်ဖြေသည်။
ထိုအခါ ထောင်သားဟောင်းများက အံ့သြတကြီး မေးကြလေသည်။
“ငါးခိုးဖမ်းတာနဲ့ ဘယ်လိုလုပ် ထောင်ဆယ်နှစ်ကျရတာလဲ”
“ကျွန်တော်ဗျာ..ငါးကန်ထဲကို လက်ပစ်ဗုံးတစ်လုံးပစ်လိုက်တယ်။ ငါးသုံးကောင်နဲ့ ရေငုပ်သမားရှစ်ယောက်ပေါ်လာတယ်လေ”
မောင်ပွတ်နှင့်
အထက်ဖော်ပြပါ ဟာသများသည် ကျွန်တော်တို့၏ ကိုယ်ပိုင် အတွေးဖြင့် ရေးထားသည်များ မဟုတ်ဘဲ
ကျွန်တော်တို့ ဖတ်ဖူးကြားဖူးသမျှဟာသများထဲမှ ကောင်းနိုးရာရာများကို စုစည်း၍ ပြန်လည်ဝေမျှထားခြင်းသာ ဖြစ်ပါသည်။

No comments:
Post a Comment