သူ မရှိသော ညနေ
စိတ်ကူးယဉ်အိပ်မက်မှကူးပါသည်... သူ မရှိသော ညနေပေါင်းများစွာကို သူမ ဖြတ်သန်းခဲ့ဖူးပါပြီ။ ဒါပေမယ့် အဲဒီညနေကတော့…
==============================
တွေဝေမှုပေါင်းများစွာနဲ့ ချီတုံချတုံ စဉ်းစားပြီးမှ အဲဒီ မွေးနေ့ပွဲကို သူမရောက်ခဲ့သည်။ ဒီလို လူစည်ကားရာနေရာတွေကို မလာဘဲနေခဲ့တာ နှစ်နဲ့ချီခဲ့ပြီ ဖြစ်ပေမယ့် ဒီတစ်ခါကတော့ ညီမလေးလိုခင်ရသော မေသွယ်က အကြိမ်ပေါင်းများစွာ ဖုန်းဆက်ပြီး အထပ်ထပ် ပြောတာကြောင့် နောက်ဆုံး သူမ လာဖို့ဆုံးဖြတ်ခဲ့မိသည်။
နေညိုချိန်ရဲ့ အလင်းအောက်မှာ ဧည့်သည်တွေနဲ့ စည်ကားနေတဲ့ အဲဒီမြက်ခင်းပြင်ကို ခြေချမိချိန်အထိ သူမ လာမိတာကို အမှားလို့ ယောင်လို့တောင် မထင်ခဲ့မိပါ။ အမြင်ရတာကြာပြီ ဖြစ်တဲ့ လူပေါင်းများစွာရဲ့ ရယ်မောတက်ကြွတဲ့ ဟန်ပန်တွေကို မြင်ရတာ သူမကို စိတ်အပြောင်းအလဲ ဖြစ်စေတယ်လို့တောင် တွေးရင်း ကျေနပ်နေခဲ့သေးသည်။
မေသွယ်နေရာချပေးတဲ့ ရေကန်နဲ့ အနီးဆုံးဖြစ်လို့ အကောင်းဆုံးဆိုတဲ့ စားပွဲမှာ ထိုင်မိချိန်အထိ သူမစိတ်တွေ ကြည်လင်နေခဲ့သည်။ ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေကို နှစ်ခြိုက်စွာ ရှုအပြီး မျက်လုံးဖွင့်လိုက်ချိန်မှာတော့ သူမရှေ့တည့်တည့်က လူတစ်ယောက်ကြောင့် သူမ ညနေသည် အရောင်အဆင်း စတင် ကင်းမဲ့သွားတော့သည်။ ဒါမှမဟုတ် အရောင်တွေ ပိုပြီး တောက်ပလာတာလည်း ဖြစ်နိုင်သည်။ ဒါပေမယ့် သူမအရောင်တောက်တောက်တွေကို မုန်းမိတာဖြင့် ကြာလှပြီပဲ။
တိုကပ်သပ်ရပ်စွာ ညှပ်ထားတဲ့ ဆံပင်ပုံစံလေးက အစ၊ မျက်လုံးမျက်ခုံး နှာတံ အလယ်၊ စကားပြောတဲ့ လေယူလေသိမ်း အဆုံး တူလွန်းလှသည်။ အနည်းငယ် ပိုသွယ်လျတဲ့ မျက်နှာရယ်၊ ပိုပြီး ဖြူဝင်းတဲ့ အသားအရေရယ်၊ လက်ချောင်းသွယ်သွယ်တွေရယ်သာ မကယ်ရင် သူမ မမြင်ချင်ဆုံးဖြစ်သော (မသိစိတ်ထဲက အမြင်ချင်ဆုံးလည်း ဖြစ်နိုင်သော) အတိတ်က တစ်စုံတစ်ယောက် သူမရှေ့ကို ပြန်ရောက်လာ လေသလားဆိုတဲ့ ယုံမှားစိတ်နဲ့ သူမ စက္ကန့်ပိုင်းလောက် အသက်ရှု ရပ်သွားနိုင်သည်။
ရင်တွေ တလှပ်လှပ်တုန်လာပြီး အံသြခြင်းကြီးစွာ ငေးမောနေတဲ့သူမကို စားပွဲဟိုဘက်က သူကတော့ သတိတောင် မထားမိဘဲ ဘေးက ကောင်မလေးတစ်ယောက်နဲ့သာ အကြောင်းအရာတစ်ခုကို အချီအချ ပြောနေသည်။ လေအဝှေ့မှာ စကားသံအချို့က သူမဆီကို ပျံ့လွင့်လာသည်။
"ဒါက သူ့အပိုင်းပဲလေ။ ငါသူ့ကို ဘယ်တုန်းကမှ သူငယ်ချင်း တစ်ယောက်ထက်ပိုပြီး မဆက်ဆံခဲ့ဖူးဘူး။ လက်ဖျားနဲ့ မပြောနဲ့ စကားလုံးနဲ့တောင် မထိပါးခဲ့ဖူးဘူး။ သူ့ဘက်က ခံစားချက်တွေအတွက်တော့ ငါလည်းဘာမှ မတတ်နိုင်ဘူးလေ။"
သူ့မျက်နှာပေါ်က ခပ်ရေးရေးအပြုံးလေးနဲ့ နဲနဲမှ မလိုက်ဖက်လိုက်တဲ့ စကား။ သူမနားတွေထုံလာသည်။ တူလိုက်တဲ့ အသံ။ ပြီးတော့ တူလိုက်တဲ့… စိတ်ဓာတ်။ သူ့ကို ချစ်မိသူအားလုံးရဲ့ နှလုံးသားကို ခဏလေးအတွင်းမှာ အဆိပ်ခတ် အသေသတ်နိုင်တဲ့ သူ့ရဲ့စိတ်ဓာတ်။ "စကားလုံးနဲ့တောင် မထိပါးခဲ့ဖူးဘူး" တဲ့လား။ "သေချာရဲ့လားကွယ်"လို့ လှမ်းမေးချင်စိတ်က ရင်ထဲမှာ တလှိုက်လှိုက် တက်လာသည်။
"မီးမီး နင် သူ့အကြောင်းတွေ လာပြောပြီး ငါ့ကို စိတ်ညစ်အောင် မလုပ်နဲ့ဟာ။ ငါမေ့ထားတာ ကြာပြီ"
မီးမီးဆိုတဲ့ ကောင်မလေးက ခပ်ကြိတ်ကြိတ် ပြန်ပြောသည်။
"မေ့ထားတာ ကြာပြီ ဟုတ်လား။ ဒါဆို နင် အရင်ကတော့ စိတ်ထဲမှာ ရှိလို့ပေါ့"
"ဘာတွေလဲဟာ။ ငါ "သံစဥ့်"ကိုပဲ ချစ်တာ။ သံစဥ့်ကိုပဲ လက်ထပ်မှာ။ အခုချိန်မှာ ငါတို့ကြားမှာ ဘာအနှောင့်အယှက်မှ မလိုချင်ဘူး။ ငါသူ့ကို ဘယ်တုန်းကမှလည်း ချစ်တယ်လို့ မပြောခဲ့ဖူးဘူး။ ဘယ်တုန်းကမှလည်း မချစ်ဖူးဘူး။"
သူတို့ပြောနေတဲ့ "သူ"ဆိုတဲ့ အမည်မသိ ကောင်မလေးကို သူမ နင့်ကနဲ သနားသွားသည်။
"ငါသူ့ကို သူငယ်ချင်းတစ်ယောက်လိုတော့ အရမ်းကိုခင်ခဲ့ပါတယ်။ အဲဒါအမှန်ပဲ။"
မီးမီးဆိုတဲ့ကောင်မလေးက သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ သူကလည်း အေးဆေးတည်ငြိမ်စွာ စူးရှရှမျက်လုံးတွေနဲ့ ပြန်ကြည့်သည်။ အဲဒီ မျက်လုံးတွေကလည်း ဟိုတစ်ယောက်နဲ့ တူပြန်တာပါပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချတဲ့ မျက်လုံးတွေ။
"ငါ့ရှုပ်ဖူးတာ ၀န်ခံတယ် မီးမီး။ ဒါပေမယ့် ငါသူ့ကိုတော့ ဘယ်တုန်းကမှ… ။ ထားပါတော့လေ။ အခုငါ့ဘ၀ထဲမှာ သံစဉ်တစ်ယောက်ပဲ ရှိတော့တယ်။ တခြားလူတွေ အားလုံးကို ခေါင်းထဲက ရှင်းထုတ်လိုက်ပြီ"
"အဲဒီ အထဲမှာ ငါ့သူငယ်ချင်းပါ ပါသွားတယ်ပေါ့…" မီးမီးဆိုတဲ့ ကောင်မလေးက ခပ်တိုးတိုး ရေရွတ်သလို ပြောတော့…
"မဆိုင်တာတွေဟာ။ သူနဲ့ငါကြားမှာ အဲဒီလို Relationship မျိုးမရှိတာ သူလည်းသိတယ်။ ငါလည်း သိတယ်။ တလောကလုံးလည်း သိတယ်။"
"အဲဒီလို တလောကလုံး သိတာကြီးက ဆိုးတာဟ" မီးမီး အသံနည်းနည်းကျယ်သွားသည်။
ဒီစားပွဲမှာ သူတို့(၂)ယောက်အပြင် သူမရှိသေးတာကို သတိတောင် ထားမိကြရဲ့လား မသိပါ။ ဒါမှမဟုတ် ငေါင်းစင်းစင်းထိုင်နေတဲ့ မိန်းမတစ်ယောက်ကို သိပ်ဂရုမစိုက်ကြတာလည်း ဖြစ်နိုင်သည်။
"ဖိုးသွေး နင်ရော သူရော ငါ့ရဲ့အခင်ဆုံး သူငယ်ချင်းတွေမို့လို့ ဒီလောက်အထိ ငါဝင်ပါနေတာ။ ငါတကယ် စိတ်ကုန်တယ်။ နင့်ကိုရော… ဟိုတစ်ယောက်ကိုရော"
"နင့်ဘာသာ ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာ မီးမီး။ ဒါပြဿနာတစ်ခု မဟုတ်ဘူး။ ဖြစ်စဉ်တစ်ခု။ လူတစ်ယောက်က နောက်လူတစ်ယောက်ကို သံယောဇဉ်ဖြစ်တယ်။ ဒါပေမယ့် အဲဒီလူက သူ့ကို မချစ်ဘူး။ ဒီတော့ ၀မ်းနည်းတယ်။ ဒီထက်ဆိုးရင် အသည်းကွဲမယ်။ ဒါပဲ။ ပြီးရင် ပြီးသွားလိမ့်မယ်။"
"သြော် နင်ဒီလောက် သိနေရင်လည်း သူ့အတွက် နည်းနည်းလေးမှ စိတ်မကောင်း မဖြစ်ဘူးလား။ နင်ပဲ သူ့ကို ခင်လှချည်ရဲ့ဆို"
"ဟ သူစိတ်မာတာ ငါသိတာပဲ။ သူ့လမ်းသူ ဖြောင့်ဖြောင့်တန်းတန်း ဆက်လျှောက် သွားလိမ့်မယ်။ ငါ့အတွက်နဲ့ သူ့ကိုယ်သူ သတ်မသေတာတော့ ငါသေချာသိတယ်"
အဲဒီစကားကို သူရယ်သံစွက်ပြီး ပြောတော့ သူမနာကျင်စွာ ပြုံးမိသည်။ မီးမီး အသံ တိတ်သွားသည်။
"သံစဉ် ငါ့ဘေးမှာ ရှိနေတဲ့ အချိန် ငါက တစ်ခြားမိန်းမတစ်ယောက် အကြောင်းစဉ်းစားပြီး သနားနေစရာလားဟ။ ငါ့နေရာကလည်း စဉ်းစားကြည့်ဦး"
"နေပါဦး။ သူက နင့်ဆီက သနားဂရုဏာတွေ လိုချင်တယ်လို့ နင့်ကို ဘယ်သူက ပြောလို့လည်း"
"ဒါဆို သူက ဘာလိုချင်တာလဲ"
သူ့မျက်နှာ အနည်းငယ်တည်သွားပြီး မေးသည်။ မီးမီး သူ့ကို တချက်ငေးစိုက်ကြည့်ရင်း စားပွဲပေါ်ကအိတ်ကို ကောက်ကိုင်ပြီး ချာကနဲ ထွက်သွားတော့သည်။
အရာအားလုံး တိတ်ဆိတ်သွားပြီး စားပွဲမှာ သူနဲ့ သူမသာ ကျန်ခဲ့သည်။ သူက မီးမီးနောက်ကျောကို တစုံတခုတွေးသလို ကြည့်ရင်း ဒီဘက်ပြန်အလှည့်မှာ သူ့မျက်လုံးနဲ့ သူမမျက်လုံး ဆုံသွားတော့သည်။ သူမ ကပြာကယာ မျက်လုံးလွှဲလိုက်သလို သူလည်း တစိမ်းတစ်ယောက်ရှေ့မှာ သူတို့ စကားတွေ အများကြီးပြောမိသွားတာကို အခုမှ သတိထားမိ သွားပုံရသည်။
အဲဒီခဏမှာပဲ မေသွယ်က တခြားဧည့်သည်(၃)ယောက်ကို စားပွဲမှာ နေရာလာချပေးမှ သူမတို့(၂)ယောက်လုံး တိတ်ဆိတ်မှုကနေ သက်သာရာ ရသွားကြသည်။
တညနေလုံး… တညနေလုံးပါပဲ။ သူမမျက်လုံးတွေ သူ့ဆီကိုသာ တ၀ဲလည်လည် ရောက်နေမိသည်။ သူ့ကိုကြည့်လိုက်တိုင်း "ဖိုးသွေး"ဆိုတဲ့ သူ့အစား သူမအိပ်မက်များကို နှစ်ပေါင်းများစွာ ပိုင်စိုးဖူးတဲ့ လူတစ်ယောက်ကိုသာ မြင်နေမိသည်။ မြင်ယောင်နေတိုင်း သူမခေါင်းတွေ တရိပ်ရိပ်သာ မူးဝေလာသည်။ မေသွယ်လာနှုတ်ဆက်တဲ့ စကားတွေကိုလည်း မကြားတချက် ကြားတချက်။ ဘာတွေ ပြန်ပြောမိသလဲဆိုတာလည်း သိတချက် မသိတချက်။ မူးဝေေ၀ ဖြစ်နေတာပဲ သိသည်။ အဲဒီ မူးဝေခြင်းကိုပဲ သူမ တပ်မက်နေမိလား မသိ။ သူမ မထိန်းနိုင်ခင်မှာပဲ သူ့ဆီကို မျက်လုံးတွေက ရောက်ရောက်သွားပြန်သည်။ မမြင်ရတာကြာတဲ့ လူတစ်ယောက်အစား သူ့ကိုအစားထိုးပြီး သူမ ငေးနေမိတာကိုလည်း ရှက်မိပေမယ့် အဲဒီလူနဲ့ ပတ်သက်လာရင် ထုံးစံအတိုင်း သူမကိုယ်သူမ ထိန်းချုပ်ရ ခက်လှသည်။ သူကလည်း သတိထားမိပုံ ရပါသည်။ မျက်လုံးခြင်းဆုံမိတိုင်း သူက ပြုံးပြမယောင်လုပ်လျှင် သူမ ယောင်ယမ်းပြီး မျက်လုံးလွှဲမိပြန်သည်။ အဲဒီလိုနဲ့ပဲ သူမတစ်ယောက်ထဲ အာရုံတွေ ရှုပ်ရင်း ညနေခင်းက တဖြည်းဖြည်း ရင့်ရော် လာသည်။
သူမတို့ စားပွဲက တခြားဧည့်သည်(၃)ယောက် ထပြန်သွားမှ သူမပြန်ဖို့ သတိရတော့သည်။ ပြန်ဖို့စဉ်းစားရင်း ခေါင်းကိုမော့လိုက်တော့ သူမကို ရှေ့တည့်တည့်က ကြည့်နေတဲ့ သူ့မျက်လုံးတွေနဲ့ ဆုံသည်။ သူ ပြုံးပြတော့မယ်ဆိုတာ သူမသိလိုက်သည်။ ဒီတစ်ခါတော့ သူမတည်ငြိမ်စွာ ပြန်ပြုံးပြဖို့ စဉ်းစားမိသည်။ တကယ်တော့ သူမတညနေလုံး ရင်ခုန်စွာ ငေးမောနေတာ သူမဟုတ်ဘဲ သူနဲ့သိပ်တူတဲ့ သူမရင်ထဲက ပုံရိပ်တစ်ခုကိုသာ ဖြစ်သည်လေ။ အဲဒီခဏမှာပဲ သူ့ပခုံးပေါ်ကို ဖြူသွယ်သွယ် လက်ကလေးတစ်ဖက်ရောက်လာပြီး သူ့လည်ပင်းကို အနောက်ကနေ ညင်သာစွာ သိုင်းဖက်လိုက်သည်။ သူလှည့်မကြည့်ဘဲ နူးနူးညံ့ညံ့ ရေရွတ်သည်။
"သံစဉ်…"
"ကို ပျင်းနေပြီလား။ သံစဉ် မေသွယ့်ကို ကူပြီးဧည့်ခံပေးနေရလို့ပါ။"
"ရပါတယ်။ မပျင်းပါဘူး။ အခုရော ပြီးပြီလား။ ပြန်ချင်ပြီလား…"
"အင်း…ခဏနေရင်တော့ ပြန်ကြမယ်လေ။"
သူက သူမရဲ့လက်ဖျံလေးကို လက်တစ်ဖက်က ညင်ညင်သာသာကိုင်ရင်း ကျန်တဲ့ သောက်လက်စ ဆေးလိပ်ကိုင်ထားတဲ့ လက်တစ်ဖက်နဲ့ စားပွဲကို ထောက်ပြီး ကိုယ်ဟန်ကို ပြင်လိုက်သည်။ ပြီးတော့ မထင်မှတ်ဘဲ သူ့မျက်လုံးတွေ သူမဆီကို စူးကနဲရောက်လာသည်။ အို… တစ်ခါတုန်းက လူတစ်ယောက်ရဲ့ပုံရိပ်နဲ့ တစ်ထပ်ထဲပါပဲ။ လှိုက်ကနဲခံစားချက်နဲ့ အတူ အိတ်ကို ကောက်ကိုင်ရင်း သူမထလိုက်မိသည်။ သူမပြန်မှ ဖြစ်တော့မည်။
မေသွယ့်ကို နှုတ်ဆက်ပြီး ဒယိမ်းဒယိုင် ခြေလှမ်းတွေနဲ့ ကားရပ်ထားရာ နေရာကို လျှောက်လာခဲ့သည်။ တုန်ရင်နေတဲ့စိတ်ကြောင့်လား မသိ။ ကျယ်ပြန့်တဲ့ Car Parking ထဲမှာ သူမကားကို ရှာလို့ မတွေ့ဖြစ်နေသည်။ တ၀ဲလည်လည် ဖြစ်နေပြီှး နောက်ဆုံး သူမကားစုတ်လေးကို ရှာတွေ့တဲ့ အချိန်မှာတော့ သူမ တော်တော်ကို မောနေခဲ့ပြီ။ ကားထဲ ချက်ချင်း မ၀င်မိသေးဘဲ ကားကို မှီ်ပြီးအမောဖြေရင်း ကောင်းကင်ကို မော့ကြည့်မိတော့ လရိပ်ကွေးလေး သာစပြုနေတာ တွေ့လိုက်ရသည်။ အသက်ရှုမှားစွာ သူမရင်ထဲက တစ်စုံတစ်ယောက် ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သတိရလိုက်သည်။
"လကလည်း ပြည့်ပြည့်၀၀ သာလိုက်တာ မဟုတ်ဘူးနော်"
သူမစိတ်ထဲကနဲ့ တထပ်ထဲ ရေရွတ်လိုက်တဲ့ စကားသံကြောင့် သူမဆတ်ကနဲ တုန်သွားသည်။ လှည့်ကြည့်မိတော့ သူမကားရဲ့ကပ်ရပ်က ကားနားမှာ ခပ်မတ်မတ်ရပ်နေတဲ့ မွေးနေ့ပွဲက သူ့ကို မြင်လိုက်ရသည်။ ဒီတစ်ခါတော့ သူ သူမကို သေသေချာချာ ပြုံးပြပါသည်။ သူမလည်း အတည်ငြိမ်ဆုံးဖြစ်အောင် ကြိုးစားပြီး ပြန်ပြုံးပြလိုက်မိသည်။
"အင်း သူ့မှာ ပြည့်ပြည့်၀၀ သာခွင့်မှ မရှိတာပဲလေ။ သာရမယ့် အချိန်မှ မဟုတ်တာ။"
တစ်ခါတုန်းက လူတစ်ယောက်ကို ဖြေခဲ့သလိုပဲ သူမ တစ်လုံးမလွဲ ပြန်ဖြေလိုက်မိသည်။
"ကျွန်တော် မင်းသွေးပါ"
သူ ပြောရင်း သူမတို့ကြားက ကားစက်ဖုံးကို ကျော်ပြီး လက်ကမ်းပေးတော့ သူမပြန်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူမထင်ထားသလို သူ့လက်တွေ နွေးထွေးမနေဘဲ အေးစက်နေတာ တအံ့တသြ ခံစားလိုက်ရသည်။
"ပွင့်ပွင့်လင်းလင်း ပြောရရင် စောစောက စားပွဲမှာ ကျွန်တော် ခဏခဏ လှမ်းကြည့်နေမိတာကို … အင်း… ရှင်းပြချင်လို့ပါ မ…..?"
"လရိပ် ပါ"
"သြော် ဟုတ်ကဲ့… မလရိပ်ကတော့ ထင်မယ်။ ဒီကောင် ရည်းစားရှိရက်နဲ့ ငါ့ကို ကြည့်နေတယ်ဆိုပြီး…"
သူရယ်သံစွက်ပြီး ပြောတော့ သူမတစ်စုံတစ်ယောက်ကို လွမ်းဆွတ်စိတ်နဲ့ ငိုချင်လို့သာလာသည်။ အဲဒီ တစ်ယောက်လည်း သူ့လို ရယ်ရယ်မောမော ရဲရဲရင့်ရင့် စကားပြောတတ်သည်။
"အမှန်က… မလရိပ်က ကျွန်တော့ … ကျွန်တော့ သူငယ်ချင်း ကောင်မလေး တစ်ယောက်နဲ့ အရမ်းတူလို့ပါ။ မျက်နှာကျလေးရော အမူအယာရော ရယ်သံကအစ အရမ်းကို တူနေလို့ပါ။ ဘာရယ်မဟုတ်ပါဘူး။ တူလွန်းတာကို အံ့သြလို့ ကြည့်မိတာပါ။ မလရိပ်နဲ့ အမျိုးတော်တယ် ဆိုရင်တောင် ကျွန်တော်ယုံမိမှာပဲ။"
သူမ ပြုံးပြဖို့ကြိုးစားပေမယ့် အံ့သြစိတ်ကြောင့် အပြုံးက ပီပီပြင်ပြင် ဖြစ်မလာပါ။
"ရပါတယ်။ ကျွန်မ အပြည့်အ၀ နားလည်ပါတယ်။ ကျွန်မလည်း ကိုမင်းသွေးကို ကြည့်နေမိတာ သတိထားမိမှာပါ။ အံ့သြစရာပါပဲ။ ကိုမင်းသွေးလည်း ကျွန်မသူငယ်ချင်း တစ်ယောက်နဲ့ အရမ်းကို တူနေလို့ပါ"
"ဗျာ…"
"ဟုတ်ပါတယ်… အံ့သြဖို့ကောင်းတဲ့ တိုက်ဆိုင်မှုပဲနော်"
"ဟုတ်တယ်ဗျာ…"
သူမတို့(၂)ယောက် တိတ်ဆိတ်သွားမိသည်။ ခဏကြာမှ သူက…
"စောစောက စားပွဲမှာ မလရိပ် ကျွန်တော်နဲ့ မီးမီးတို့ ပြောတာတွေ ကြားပြီး တော်တော် နားညည်းမယ်နော်"
သူ့မျက်လုံးထဲမှာ အကဲခတ်တဲ့ အရိပ်အယောင်တချို့ တွေ့ရသည်။
"သြော် ရပါတယ်။ ကျွန်မကတောင် ကိုယ်နဲ့မဆိုင်တာကို နားထောင်မိသလို ဖြစ်လို့ အားနာနေတာပါ။"
"ကျွန်တော့ကိုလည်း ထင်မယ်။ တော်တော်ရှုပ်တဲ့လူလို့"
သူအပြုံးနဲ့ ခပ်တိုးတိုးပြောတော့ သူမ ဖြတ်ကနဲ မော့ကြည့်ပြီး ခေါင်းကို ညင်ညင်သာသာ ခါပြလိုက်မိသည်။ ရင်ထဲက ဆို့နင့်နင့် ဝေဒနာက သူမပြန်သင့်ပြီမှန်း အချက်ပေးနေပြီ။
"ကျွန်မ ပြန်တော့မယ်နော်…"
"သြော် ဟုတ်ကဲ့" သူက လကို မော့ကြည့်ရင်းကနေ အိပ်မက်က လန့်နိုးသူလို ပြောသည်။
ကားထဲ ၀င်ဖို့ဟန်ပြင်ပြီးမှ သူမတစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်သည်။
"ကိုမင်းသွေး…"
သူမကို လှမ်းကြည့်တဲ့ သူ့မျက်လုံးတွေထဲမှာ သူမကို မြင်ပုံမရပါ။
"စောစောက ကိုမင်းသွေးတို့ သူငယ်ချင်း(၂)ယောက်ပြောတာတွေကို ကျွန်မ သေချာကြားလိုက်ပါတယ်။ သူများရဲ့ ကိုယ်ရေးကိုယ်တာ ဖြစ်နေပေမယ့် ကျွန်မတစ်ခုတော့ ပြောခဲ့ချင်ပါတယ်။"
သူ ခပ်သွက်သွက် ခေါင်းညိမ့်ပြသည်။
"အဲဒီ ကောင်မလေး ဘာလိုချင်တာလဲလို့ ကိုမင်းသွေး မီးမီးကို မေးတယ်နော်"
သူနဲ့တွေ့တဲ့ တညနေလုံးမှာ သူ့မျက်လုံးတွေ ဒီတစ်ကြိမ် အတောက်ပဆုံးဖြစ်သည်။ သူမနှလုံးသားထဲက ပုံရိပ်တစ်ခုနဲ့ သိပ်ကိုတူတဲ့ သူမျက်နှာကို သေချာကြည့်ရင်း သူမ တညနေလုံး ပြောချင်နေခဲ့တဲ့ စကားတစ်ခွန်းကို ခပ်ဖြေးဖြေး ပြောလိုက်သည်။
"ကျွန်မသေချာ ပြောရဲပါတယ်။ သူဘာကိုမှ မလိုချင်ခဲ့ပါဘူး ကိုမင်းသွေး…"
အဲဒီနောက် ဘာကိုမှ မတွေးဖြစ်တော့ဘဲ သူမ သူ့အနားက ကားကို ညင်ညင်သာသာလေး မောင်းထွက်ခဲ့တော့သည်။ သူဘယ်လို အတွေးတွေနဲ့ ကျန်ခဲ့လည်းဆိုတာ သူမ မသိချင်သလို သူလည်း သိစေချင်လိမ့်မည် မဟုတ်ပါ။
လရဲ့ဆွဲအားက လူသားတွေရဲ့စိတ်ကို ပြောင်းလဲနိုင်စွမ်းရှိတာ တကယ်မှန်ခဲ့ရင် လရိပ်ကွေးရဲ့ ဆွဲအားငယ်တချို့ကြောင့် အဲဒီညနေမှာ သူရော သူမပါ ခဏလောက် ရူးသွပ်သွားခဲ့ကြသည် ထင်ပါသည်။
==============================
သူ မရှိသော ညနေပေါင်းများစွာကို သူမ ဖြတ်သန်းခဲ့ဖူးပါပြီ။ ဒါပေမယ့် အဲဒီညနေကတော့ သူမအတွက် အမှောင်မိုက်ဆုံး ညနေဖြစ်ခဲ့သလို ကျေနပ်စရာ အကောင်းဆုံး ညနေလည်းဖြစ်ခဲ့ပါသည်…
စာရေးသူ - ရွှေပြည်သူ
ကျွန်မမုန်းတဲ့သူမ
တဖြတ်ဖြတ်လွင့်နေတဲ့ အ၀ါရောင်ခန်းဆီးစကလွဲလို့ အရာအားလုံး ပကတိငြိမ်သက်နေတဲ့ ဒီအခန်းလေးထဲမှာ ထိုင်နေတဲ့သူမကို ကျွန်မ ငေးကြည့်နေမိသည်။ တချိန်က မျှော်လင့်ခြင်း ပျော်ရွှင်ခြင်းတို့နဲ့ အကြိမ်ပေါင်းများစွာ တောက်ပခဲ့ဖူးသော သူမမျက်လုံး အညိုရောင်တွေက အခုတော့ သူမရှေ့က Computer Screen ရဲ့ ညာဘက်ထောင့် တစ်နေရာကိုသာ အဓိပ္ပါယ်မဲ့ ငေးမောနေသည်။ အဲဒီScreen ထောင့်လေးမှာ ကမ္ဘာတစ်ခြမ်းနဲ့ တစ်ခြမ်းကို စက္ကန့်ပိုင်းလေးအတွင်းမှာ ဆက်သွယ်ပေးနိုင်စွမ်းရှိတဲ့၊ ချစ်သူခင်သူတွေကို ဘယ်လောက်ဝေးဝေး ဆုံတွေ့ခွင့်တို့ပေးပြီး၊ မချစ်တော့သော သူတွေကိုလည်း နာကျင်ခံစားရစေတဲ့ Gtalk ဆိုသော Messenger လေးတစ်ခုရှိနေသည်။ အဲဒီ Messenger လေးရဲ့ Contact List ထဲမှာလည်း တစ်ယောက်ဆို တစ်ယောက်မှ Online ရှိမနေပါ။ Online ၀င်လာသူ Offline ဖြစ်သွားသူ တစ်ယောက်မှမရှိတဲ့ Gtalk မျက်နှာပြင်လေးကလည်း ငြိမ်သက်လွန်းလှသည်။ အဲဒီ Account မှာရှိတဲ့ တစ်ဦးတည်းသော လူတစ်ယောက် ဘယ်သောအခါမှ Online လာတော့မှာမှ မဟုတ်တာလေ။ အဲဒီလိုပြောရင်လည်း သူမ ကျွန်မစကားကို မကြားချင်ယောင် ဆောင်နေလိမ့်ဦးမည်...
နေ့စဉ်နဲ့အမျှ ဒီလိုအချိန်ရောက်တိုင်း တိတ်ဆိတ်ငြိမ်သက်စွာ ငေးငိုင်နေတတ်သော သူမကို ကျွန်မနည်းနည်းလေးမှ အားမရပါ။ စိတ်လည်း မရှည်ပါ။ "နင်သာ ငါတားခဲ့တုန်းက နားထောင်ခဲ့ရင်..." လို့ အကြိမ်ကြိမ် စကားစမိပေမယ့် နာကျင်ခံစားနေရတဲ့ သူမကို ကြည့်ပြီး ဘာမှ ဆက်မပြောဖြစ်တော့တာလည်း အကြိမ်ကြိမ်ပါပဲ။ ၀မ်းနည်းနာကျင်မှုတို့ အောက်မှာ နလံမထူနိုင်အောင် ကျရှုံးနေတဲ့ သူမကိုမြင်ရတိုင်း ကျွန်မလည်း ထပ်တူထပ်မျှ နာကျင်ရပါသည်။ သူမကို ဒီလိုအခြေအနေက ဆွဲထုတ်ဖို့သာ အမျိုးမျိုး ကြိုးစားနေမိသည်။ ကျွန်မမှာ တာဝန်အပြည့်ရှိသည်လေ... ။ ခက်တာက သူမ ကျွန်မစကားတွေကို အရင်လို နားမထောင်တော့တာပါပဲ...
တချိန်က သူမသည် ကျွန်မရဲ့လမ်းညွှန်မှုအောက်မှာ ဘ၀ရဲ့လှေကားထစ်တွေကို အောင်မြင်ငြိမ်းချမ်းစွာ ဖြတ်သန်းနေခဲ့သော သိပ်ပျော်တတ်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်ခဲ့သည်။ ကျွန်မချပေးတဲ့ အချိန်ဇယားတွေအတိုင်း စာတွေကျက်ပြီး သူမမိဘတွေ ဂုဏ်ယူရလောက်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို တစ်ခုပြီးတစ်ခု ယူပြခဲ့သည်။ လုပ်ငန်းခွင်မှာလည်း ပျော်မွေ့အောင်မြင်ခဲ့သည်။ ကျွန်မရဲ့ အကြံပေးမှုတွေအတိုင်း ကြုံလာသမျှ အခက်အခဲတွေကို အပြုံးလေးနဲ့ ကျော်ဖြတ်ခဲ့ဖူးသည်။ လူတိုင်းက "အေးချမ်းပြည့်စုံလိုက်တာ"လို့ အားကျရတဲ့ ဘ၀မျိုးကို သူမတကယ်ပဲ ပိုင်ဆိုင်ခဲ့ပါသည်။ အဲဒီ အချစ်ဆိုတဲ့အရာနဲ့ အရှိန်ပြင်းပြင်း ၀င်မတိုက်မိခင် အထိပေါ့...
သူမရင်ထဲကအချစ်အကြောင်း ကျွန်မသိလိုက်ရတဲ့အချိန်မှာ တားဖို့တော်တော်တောင် နှောင်းနေခဲ့ပါပြီ။ သူမကိုယ်သူမလည်း တားချိန်မရလိုက်လို့ပါလို့ အသနားခံသလို ပြောတော့ ကျွန်မ အားမလိုအားမရ အပြစ်တင်ရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့။ မဖြစ်နိုင်မှန်း ကျွန်မကောင်းကောင်းသိခဲ့သည်။ အဆုံးသတ်မှာ သူမ နာကျင်ရှုံးနိမ့်ရလိမ့်မယ် ဆိုတာကိုလည်း ကျွန်မသေချာသိခဲ့သည်။ "သူ့လို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လဲဖြစ်ပြီး လက်ရှိမှာလည်း ဘာလိုလိုကောင်မလေးတွေ တပုံကြီးနဲ့ ဒီလောက် အလှကြိုက်တဲ့လူက နင့်လို သာမာန်ရုပ်ရည်နဲ့ မိန်းကလေးမျိုးကို အတည်ပေါက်ကြီး လာချစ်လိမ့်မယ်လို့ နင်ထင်နေသလား"လို့ အမှန်အတိုင်း မညှာမတာ မေးမိတုန်းက သူမ နှုတ်ခမ်းပါးပါးကို ခပ်တင်းတင်းကိုက်ရင်း ပါဝါမျက်မှန်အောက်က ဖျော့တော့တော့ မျက်ဝန်းတွေနဲ့ ကျွန်မကို ပြန်ငေးကြည့်နေခဲ့သည်။ အဲဒီလူကို စချစ်မိတဲ့ စက္ကန့်ပိုင်းလေးကတည်းက စပြီး သူမနာကျင်နေခဲ့ရတာ ကျွန်မသိပ်သိတာပေါ့...
အချိန်ကြာလာတာနဲ့အမျှ သူမဒီထက်ပိုပြီး ခံစားရမှာကို မကြည့်ရက်တဲ့ကျွန်မ ပြတ်ပြတ်သားသား တားဆီးဖို့ ပထမဆုံးကြိုးစားမိတဲ့နေ့မှာ သူမ ကျွန်မကို ပထမဆုံးအကြိမ် တော်လှန်တော့သည်။ ကျွန်မသိလိုက်ပါသည်... သိပ်ကို နောက်ကျသွားပြီလို့...။ ဒါပေမယ့် ကျွန်မလုံးဝလက်မလျော့ဘဲ အစွမ်းရှိသမျှ တားဆီးခဲ့ပေမယ့် ကျွန်မစကားတွေကို သူမ နားယောင်ဖို့မပြောနဲ့ ကြားတောင် မကြားတော့ပါ။ အဲဒီ Computer ရှေ့မှာ အချိန်ရှိသရွေ့ထိုင်ပြီး ပြုံးလိုက် ရယ်လိုက် နာကျင်လိုက် ငိုကျွေးလိုက်နဲ့ သူ့သဘောအတိုင်း နေ့ရက်တွေကို ဖြတ်သန်းနေတော့သည်။ မကြာခင်မှာပဲ ပေါက်သွားမယ့် ဆပ်ပြာပူဖောင်း လှလှလေးကို မက်မက်မောမော တွယ်ငြိသလိုမျိုး အဲဒီအခြေအနေကို သူမ ရူးရူးမိုက်မိုက် ဖက်တွယ်ထားခဲ့သည်။
အဲဒီအချိန်မှာ ကျွန်မလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက မျှော်လင့်ထားတဲ့ အဆုံးသတ် ရောက်လာတဲ့နေ့ကျရင် သူမကို အကောင်းဆုံးအားပေးနှစ်သိမ့်ဖို့ ပြင်ဆင်ခြင်းသာ ဖြစ်သည်လေ။
တကယ်တမ်း မျှော်လင့်ထားတဲ့ (အဲဒီလူ သူမဘ၀ထဲက ထွက်သွားတဲ့) နေ့ရောက်အလာမှာတော့ ကျွန်မထင်ထားတာထက် သူမ အများကြီးပိုပြီး ခံနိုင်ရည်ရှိခဲ့သလိုပင်။ "သူ... လက်ထပ်တော့မယ်တဲ့"လို့ ခပ်တိုးတိုးပြောပြီး Computer စားပွဲကို လက်နဲ့အားပြုကိုင်ရင်း မိနစ်ပိုင်းလောက်သာ တဆတ်ဆတ် တုန်နေခဲ့သည်။ မျက်ရည် လုံးဝမကျခဲ့။ တကယ်တော့ အဲဒါဟာ သူမရင်ထဲမှာ ကြီးမားတဲ့ အနာတရတစ်ခု ဖြစ်တည်သွားတာမှန်း ကျွန်မနောက်ကျစွာ သိလိုက်ရပြန်သည်။ အဲဒီနောက် နေ့ရက်ပေါင်းများစွာရဲ့ ဒီလိုအချိန်ကို ဒီလိုပုံစံနဲ့ပဲ သူမအဓိပ္ပါယ်မဲ့ ဖြတ်သန်းနေခဲ့တော့သည်။
ကြာလာတော့ သူမကို ကျွန်မ စိတ်ပျက်မိသည်။ ကရုဏာဒေါသောလည်း ဖြစ်မိသည်။ တစ်နေ့... "နင် သိက္ခာဆိုတာဘာလဲလို့ မှတ်မိသေးလား" လို့ မေးမိတော့ သူမ ခေါင်းကိုညိတ်ပြရင်း ပထမဆုံးအကြိမ် မျက်ရည်ကျတော့သည်။ အဲဒီနေ့က စပြီး ကျွန်မ သူမအတွက် စည်းကမ်းချက်တွေ ပြန်ထုတ်လိုက်သည်။ အဲဒီလူဆီကို လုံးဝဖုန်းမဆက်ရ၊ လုံးဝ Email မပို့ရပေါ့။ သူမ ဒီနေ့အထိတော့ နားထောင်ခဲ့ပါသည်။
ကျွန်မကြည့်နေတုန်းမှာပဲ Mouse ကိုင်ထားတဲ့ သူမညာဘက်လက် လှုပ်ရှားသွားသည်။ တားဖို့ အချိန်မရလိုက်ခင်မှာပဲ Chat History တွေ ပြန်ဖတ်နေပြန်ပြီ။ "ဒီလောက် ပြောထားတဲ့ကြားကဟယ်..." ကျွန်မ ဒေါသတွေ တလိပ်လိပ် တက်လာသည်။ လက်ချောင်းလေးတွေ လှုပ်ရုံနဲ့ Screen ပေါ်မှာ အလွယ်တကူ ပေါ်လာတတ်တဲ့ အဲဒီအတုအယောင်စကားတွေကို သူမမို့လို့ အခုချိန်ထိ အမြတ်တနိုး ပြန်ဖတ်နေသေးသည်။ ညံ့ဖျင်းလိုက်တဲ့ မိန်းမ။ ကြည့်နေတုန်းမှာပဲ ကျွန်မထင်တဲ့အတိုင်း သူမလက်တွေ အနားက Mobile Phone အပြာလေးဆီ ရောက်သွားကြပြီ။ "မဆက်နဲ့လေ မဆက်နဲ့" ကျွန်မ အသံကုန်အော်ပေမယ့် သူမလက်တွေက အကြိမ်ပေါင်းများစွာ နှိပ်နေကျ ဖုန်းနံပါတ် တစ်ခုကို တုန်တုန်ရင်ရင်နဲ့ စနှိပ်နေပြီ။ မဖြစ်ဘူး... သူမဆက်လို့ကို မဖြစ်ဘူး။ "ဒီလောက် ပြောရခက်တဲ့မိန်းမ... ကဲဟယ်" ကျွန်မဒေါသနဲ့အတူ လက်ထဲမှာရှိတဲ့ အရာဝတ္ထုနဲ့ သူမဆီကို အားကုန်လှမ်းပေါက်လိုက်မိသည်။
"ခွမ်း" ကနဲ မြည်သံအဆုံး သူမအနားကို ကျွန်မတိုးကပ်သွားမိသည်။ Screen နဲနဲအက်သွားတဲ့ Mobile Phone အပြာလေးရဲ့ဘေးမှာ တစ်စစီကွဲနေတဲ့ ကြည့်မှန်တစ်ချပ်။ အဲဒီ မှန်အပိုင်းအစတွေထဲက သူမ ကျွန်မကို ရီဝေေ၀ မျက်ဝန်းတစ်စုံနဲ့ ပြန်ကြည့်နေသည်။ ကျွန်မ နှုတ်ခမ်းလှုပ်ရုံလေး တုန်ရင်စွာ ရေရွတ်လိုက်မိသည်။
"အဲဒီမိန်းမ... အဲဒီမိန်းမပေါ့... ကျွန်မ သိပ်မုန်းတာ...."
စာရေးသူ - ရွှေပြည်သူ
_______________________________________________________
ရပ်တန့်ခဲ့သော ရင်ခုန်သံ
ကော်ဖီသောက်လျင် ရင်တုန်တတ်သည်ဟု ကြားဖူးသည်
လက်ဖက်ရည်တစ်ခွက် သောက်နေဆဲအချိန်တွင် ရင်ခုန်သံတွေ ရပ်တန့်ခဲ့ရသည်….
သူ့ရဲ့မျက်နှာပေါ်က အပြုံးတွေက လန်းဆတ်တက်ကြွလွန်းနေသည်.
သူ့ရဲ့ မျက်လုံးတွေကပါ လိုက်ပြုံးနေတာကို ကြည့်ရင်း ကျမရဲ့ နှလုံးခုန်သံတွေက တဖြည်းဖြည်း တိုးတိတ်လာခဲ့သည်. ကြိုတင်သိနှင့်နေပီးဖြစ်ပေမဲ့ သူ့ဆီက စကားလုံးတွေကိုကြားရဖို့ ကျမက အသက်ရှုသံကိုပါ ရပ်တန့်ထားခဲ့သည်.
ကျမက စိတ်မြန်သူပီပီ ကျမရှေ့က သူ့အတွက် လက်ဖက်ရည်ခွက်ကို သူ့ဘက်ကို တွန်းပို့ပေးလိုက်သည်.
“ကဲ ဆိုပါဦး… အခြေအနေ”
……………………………………………………………………………………………………………………….
ဒီလက်ဖက်ရည်ဆိုင်မှာပဲပေါ့ ဒီလို အပြုံးမျိုးလေ….
ပါးနပ်သည်လို့ ဆိုရမယ့် ကျမက သူ ဖွင့်မပြောမီကပင် ဘာကိုပြောချင်နေတယ်ဆိုတာကို ကြိုခန့်မှန်းမိနေခဲ့သည်.
သူ့ဆီက သူပြောချင်တဲ့စကားလုံးတွေက ဘာအတွက်ဆိုတာကို မျှော်လင့်ထားနေရင်းနဲ့တောင် ကြားလိုက်ရတဲ့အချိန်မှာတော့ ရင်ခုန်သံတွေတင်မကပါ အသက်ရှုနှုန်းတွေပါ ရပ်တန့်သွားတဲ့အထိ နာကျင်ခဲ့ရသည်. ကျမ အသည်း ဟက်တက်ကွဲခဲ့လေသည်. အသည်းနှလုံး ကွဲအက်လျင် ထွက်လာတတ်သည့် သွေးစိမ်းရှင်ရှင်တွေသည် လည်ချောင်းဝမှတစ်ဆင့် နှုတ်ခမ်းဖျားမှ ယိုစိမ့်ကာ လက်ဖက်ရည်ခွက်ထဲ စိမ့်ကျခဲ့သည် ထင်သည်. လက်ဖက်ခြောက်အရောင်က နီလွန်းနေခဲ့သည်.
“သူ့ကို ဖွင့်ပြောဖို့ ငါ သွေးမနည်းပါဘူးဟာ. ဒါပေမဲ့ နင်တို့က သူငယ်ချင်းတွေဆိုတော့…..
နောက်ပီး နင်က… ဟုတ်တယ် ဒီစကားကို ပထမဆုံးဖွင့်ပြောတာ နင့်ကိုပဲ.
တခြားဘယ်သူတွေမှ မသိကြဘူး. ငါ ဒီထက် ကြာရှည်တင်းမထားနိုင်ဘူးဟာ….
နင့်ကို ဖွင့်ပြောတယ်ဆိုတာက….. ငါ ခံစားရသမျှကို နားလည်ပေးနိုင်တာက နင်ပဲ ရှိတယ်လေ.”
စကားလုံးတွေရဲ့ ချည်နှောင်မှုအောက်မှာ ကျမက ဟန်ဆောင်ကောင်းခဲ့သည်.
သူ့ရဲ့ ရင်ဖွင့်စကားတွေက ကျမအတွက်တော့ တစ်စတစ်စ ရင်ကွဲအက်လာခဲ့တာကို သူ တကယ် မသိခဲ့ပါ.
သူ စကားတွေ အများကြီး ပြောခဲ့သည်. အဲ့သည် စကားလုံးတွေထဲမှာ သူမအပေါ် ချစ်ခြင်း
သူမအပေါ် သူ့ရဲ့ မြတ်နိုးမှု သူမအပေါ် သူ့ရဲ့ မျှော်လင့်ချက် သူမအပေါ် သူ့ရဲ့ …. သူ့ရဲ့……………..
သူက လက်ဖက်ရည်ဆိုင်ပိတ်တော့မှာကိုတောင် သတိမမူမိလောက်အောင် ကျမကို ရင်ဖွင့်စကားတွေ အများကြီးပြောနေခဲ့သည်. လက်ဖက်ရည်ဆိုင်ပိတ်နေခဲ့ပီး နောက်ဆုံး ကျမတို့ စားပွဲတစ်ခုတည်း ကျန်တော့တဲ့အချိန်မှ သူက ဘေးပတ်ဝန်းကျင်ကိုရော အချိန်နာရီတွေကိုပါ သတိထားမိခဲ့တာ ဖြစ်သည်.
“ဟာ နင် အိမ်ပြန်ဖို့ နောက်ကျနေပီ ငါ ပြန်လိုက်ပို့မယ်….”
“မလိုပါဘူးဟာ လမ်းတွေက တစ်လမ်းစီပဲဟာကို….
နောက်ပီး မလိုပါဘူး ငါ ပြန်နေကျပါ …
ဟုတ်တယ် ……ငါတစ်ယောက်တည်း ပြန်နေကျပဲ …. တော်ကြာ အဖော်လိုချင်နေမှဖြင့်ဟာ…..
ငါ့ဘာသာ အေးဆေးနေပါရစေ ထူးရယ်…….”
ကျမက တကယ့်ကို သူ့ကို ရယ်သွမ်းသွေးလိုက်ပေမဲ့ သူက ကျမရဲ့ စကားလုံးတွေအတွက် စိတ်မကောင်းဖြစ်သွားခဲ့သည်.
ကျမတို့နှစ်ယောက် ဘတ်စ်ကားဂိတ်ကို လမ်းလျှောက်သွားနေတဲ့အချိန်အတွင်း သူ့ဆီက စကားတစ်ခွန်းမှ ထွက်မလာခဲ့ပါ. မီးရောင်မှိန်မှိန်အောက်မှာ သူ ဘာစဉ်းစားနေသလဲ မသိသလို ကျမ ဘယ်လို ခံစားနေရသလဲ လဲ သူ မသိနိုင်ခဲ့ပါ.
ကျမ စီးရမယ့်ကား လာနေတဲ့အထိ သူက တိတ်ဆိတ်နေခဲ့သည်.
“ငါသွားပီ ထူးရေ… နင်လဲ မိုးမချုပ်စေနဲ့ဦးနော်. ငါ အကောင်းဆုံးနည်းလမ်းကို စဉ်းစားလာခဲ့မယ်လေ နော် …
ဟုတ်ပီလား ဘိုင့်ဘိုင့် ဆီးယူ နောက်မောနင်း …..”
စသည်ဖြင့် ကျမက ပါးစပ်ထဲက ပေါက်ကရ စကားလုံးတွေ ဟစ်အော်ရင်း လူကျပ်နေတဲ့ ကားပေါ်ကို အတင်းတိုးတက်ခဲ့သည်.
ကားအောက်မှ သူလက်ပြနေတာကို ခပ်ဝါးဝါးမြင်ရတော့မှ ကျမ မျက်ရည် ကျနေမှန်း သိရသည်.
ကျမတို့ရဲ့ သူငယ်ချင်းအုပ်စုလေးထဲမှာ မိန်းကလေး ၅ ယောက် ယောကျာ်းလေး ၃ ယောက် ရှိသည်.
အဲ့သည့်အထဲမှာ ထူးက ကျမအတွက်တော့ အချစ်ဆုံး သူငယ်ချင်းလေးပင်.
ကျမ အာပေါင်အာရင်းသန်သန် စကားပြောလျင် ချစ်မြတ်နိုးစွာကြည့်တတ်တဲ့ သူ့ရဲ့မျက်လုံးတွေကို ကျမ သိပ်နှစ်သက်ခဲ့သည်. ကျမအတွက်လို့ အမြဲ ဂရုစိုက်တတ်တဲ့ သူ့ရဲ့အကြင်နာတွေအပေါ် ကျမ နှစ်ခြိုက်ခဲ့သည်. မသိတဲ့လူတွေအတွက်တော့ မျက်နှာကြောမာသလောက် ကျမရဲ့ သူငယ်ချင်းလေးတွေအတွက်တော့ ကျမက ဂျိုကာပင်.
ကျမ သိပ်ချစ်ရတဲ့ ချစ်သူ ကျမ တိတ်တခိုးထားခဲ့တဲ့ သူ့အပေါ် ချစ်ခြင်း ကျမရဲ့ ချစ်လှစွာသော သူငယ်ချင်းလေး. ကောင်းပီ
သူပျော်ရွှင်နေတာကိုသာ ကျမက အစဉ်အမြဲ ကြည့်လိုခဲ့သည်.
သူ သိပ်ချစ်နေတဲ့ မိန်းကလေးကရော…
သူမကိုလဲ ကျမ သိပ်ခင်သည်. သူမရဲ့ အေးဆေးတဲ့အပြုံးနဲ့ စကားသံချိုချို
တည်ငြိမ်လှတဲ့ သူမရဲ့ အနေအထိုင်တွေက သူနဲ့တကယ့်ကို လိုက်ဖက်လှပါသည်.
သူမကို ချစ်သည့် သူ ကံကောင်းသလို သူ သိပ်ချစ်တဲ့အတွက်လဲ သူမ ကံကောင်းလှပါသည်.
ကဲ ဒါဆိုရင် ကံဆိုးသွားတာက ဘယ်သူလဲ……
အောင်သွယ်သည် အခန့်မသင့်လျင် ဗီလိန်ဖြစ်သွားနိုင်သလို ဇာတ်ကောင်လဲ ဖြစ်နိုင်ပါသည်.
ဒါပေမဲ့ ကျမကတော့ ဘာတစ်ခုမှ မဖြစ်ချင်ခဲ့တော့ပါ.
ကျမအတွက် မဟုတ်သည့် ချစ်ခြင်းအတွက် ကျမက ဘာကိုမှ မလိုချင်တော့ပါ.
စည်းဘောင်ကျော်ကာ စိတ်ကူးယဉ်ခဲ့မိတဲ့ ကျမကိုယ်တိုင်မှာပဲ အပြစ်ရှိခဲ့ပါသည်.
ဘယ်သူမှ မသိခဲ့တဲ့ အချစ်အတွက် ဘယ်သူမှ မသိလိုက်တဲ့ အသည်းကွဲမှု အတွက် ကံဆိုးသူပါလားဟု စာနာစရာ မရှိရပါ.
ကျမက သူတို့ ရင်ဖွင့်သမျှ နားထောင်ပေးသည့် ရင်ဖွင့်စရာ ဟစ်တိုင်သာလုပ်ခဲ့သည်.
သူတို့ရဲ့ အသည်းနှလုံးတွေကို ပိုပိုပီး နီးကပ်လာအောင်
သူတို့ရင်ထဲက စကားလုံးတွေ ပွင့်ထွက်လာအောင် ကျမက နားထောင်သမားလုပ်ပေးခဲ့သည်.
အတင်းတိုက်တွန်းတာ အကြံဥာဏ်ပေးခဲ့တာ ဘာတစ်ခုမှ မလုပ်ပေးခဲ့ပါ.
တကယ်တော့ မလိုအပ်ပါ. ချစ်သူတွေဖြစ်ဖို့ဆိုလျင် ဘေးပယောဂ မပါဘဲ ကိုယ်ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ရမည်ဖြစ်သည်.
သူတို့အတွက် လိုအပ်သည်က ယုံကြည်ရသည့် ရင်ဖွင့်ဖော်ပင်ဖြစ်ပါလိမ့်မည်.
အခြေအနေတွေက ထင်ထားတာတွေထက်ပင် ပို အဆင်ပြေနေခဲ့သည်.
သူတို့နှစ်ယောက် တရားဝင်ချစ်သူတွေ မဖြစ်ကြသေးပေမဲ့ သူငယ်ချင်းအုပ်စုထဲမှာ အတွဲတစ်တွဲအဖြစ် အသိအမှတ် ပြုခဲ့ကြသည်.
သူမကလဲ အပြင်းအထန် ငြင်းဆန်မှု မလုပ်ခဲ့ပါ. ပရိုပို့စ်လုပ်ခဲ့ပီးပေမဲ့ သူမက အဖြေမပေးသေးဘဲ အလေးအနက် စဉ်းစားနေခဲ့သည်.
သည်အချိန်အတွင်းမှာ ဆောက်တည်ရာမရ ခံစားနေသူက ကိုထူးသာ ဖြစ်သည်.
သူ အလူးအလဲ ခံစားနေရတာကို ကြည့်ပီး ကျမ အမှန်တကယ် စိတ်မကောင်းဖြစ်ခဲ့သည်.
တစ်နည်းဆိုလျင် ကျမလဲ သူနှင့်ထပ်တူ အသည်းကွဲနေခဲ့တာဖြစ်သည်.
တမင်တကာ ကျမ ခွင့်ရက်ရှည်ယူပီး သူတို့ကြားထဲက ရှောင်ထွက်ပေးခဲ့သည်.
ဒီကြားထဲက သတင်းတွေလဲ ကျမ မကြားရအောင် နေခဲ့သည်.
သူတို့နှစ်ဦးအတွက် ကျမတတ်နိုင်တာထက်ကို အစွမ်းကုန် ကူညီပေးခဲ့ပီးပီ.
အခုကိစသည် သူနှဲ့ သူမရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်နေခဲ့ပီ.
ကျမ တာဝန်ပြီးဆုံးခဲ့ပီဟု ကျမက ယူဆနေခဲ့မိသည်.
ကျမရဲ့ အသည်းနှလုံးအတွက် ကုစားမှုလဲ လုပ်ရဦးမည် ဖြစ်သည်.
ကျမအသည်းက အပြင်မှာ မကွဲသလို ဟန်ဆောင်နေနိုင်ပေမဲ့ အတွင်းမှာတော့ ပြန်ဆက်လို့မရအောင် တစ်စစီဖြစ်နေခဲ့ပီ.
မိုးချုပ်နေပီ ဖြစ်သော်လဲ ဖုန်းလာသည့်အတွက် ကျမ အံ့အားသင့်ခဲ့သည်.
ကျမ ထွက်လာခဲ့မယ်လို့ ကတိပေးခဲ့ပေမဲ့ တကယ်တော့ ကျမ မသွားချင်တော့ပါ.
ဒါပေမဲ့ ရောက်သွားတဲ့အချိန်မှာတော့ ကျမ အင်မတန်ကို စိတ်မကောင်းဖြစ်ခဲ့ရသည်.
သူ ကျမကို စောင့်ဆိုင်းနေတဲ့ အချိန်အတွင်းမှာတောင် မတ်မတ်မရပ်နိုင်ခဲ့ပါ. သူ့ရဲ့ မျက်လုံးကနေ ရစ်ဝဲလာတဲ့ မျက်ရည်ကြည်တွေကို ကျမက ရင်နာနာနဲ့ စိုက်ကြည့်နေခဲ့သည်.
သူမရဲ့ မထင်မှတ်တဲ့ အငြင်းအတွက် သူတကယ်ကို ရင်ကွဲအက်နေခဲ့သည်.
အရက်အမူးသောက်ပီး အသည်းကွဲခြင်းကို ကုစားဖို့ စဉ်းစားခဲ့ပေမဲ့
သူ့စိတ်ကူးထဲမှာ အရင်ဆုံး သတိရခဲ့သူမှာ ကျမ ဖြစ်နေခဲ့သည်တဲ့လေ.
ကျမသာ သူ့ရဲ့ ရင်ကွဲနာကို လျော့ပါးအောင် လုပ်နိုင်သည်လို့ သူက ယုံကြည်နေခဲ့သည်.
ကျမတို့နှစ်ယောက် လေးဖြူရဲ့ အိပ်မက်ကဗျာ သီချင်းကို တိုးတိုးလေးဖွင့်ထားသည့် မီးရောင်မှိန်မှိန် လက်ဖက်ရည်ဆိုင်လေးတွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်.
သူ့ရဲ့ စကားသံတွေက အဝေးကြီးက လာနေသလိုပင် တိုးသဲ့လွန်းလှသည်.
“ဘာအပြစ်မှ မရှိပါဘူးတဲ့ တကယ်တမ်း ရှိခဲ့တယ်ဆိုရင်တောင် သူ့ဆီမှာပဲတဲ့….
မချစ်နိုင်ဘူးတဲ့ ခွင့်မလွှတ်ပါနဲ့တဲ့ဟာ…… ငါ တကယ် မခံစားနိုင်ဘူး… ငါ ရူးသွားချင်တယ်…
သူ ငါ့ကို ချစ်နေတယ် ငါသိတယ် ယုရယ်…. ဒါပေမဲ့ ငါ မသိတာက သူဘာလို့ ငါ့ကို မချစ်နိုင်ဘူးလို့ ငြင်းရတာလဲ…”
အဲ့သည့်ညက ကြယ်တွေ သိပ်လင်းလွန်းနေခဲ့သည်. ကျမက သူ့ကို နှစ်သိမ့်ဖို့ စကားလုံးတွေ ရှာနေခဲ့ပေမဲ့ နှုတ်ခမ်းဖျားက တစ်ခွန်းမှ ထွက်မလာခဲ့ပါ. သူ့ရဲ့စက်ဘီးနောက်မှာ ထိုင်လိုက်ရင်း သူ့ရဲ့ ကျောပြင်မှာ ပါးအပ်ထားမိခဲ့သည်. သူ့ရဲ့ ကြေကွဲမှုအတွက် ကျမမှာ တာဝန်ရှိပါသည်. သူတို့နှစ်ယောက်ကို အဆုံးအထိ လက်တွဲနိုင်အောင်လုပ်နိုင်သူမှာ ကျမသာ ဖြစ်ရမည်လေ. အဘယ်ကြောင့်ဆိုသော် နှစ်ယောက်စလုံးရဲ့ ရင်ဖွင့်စကားတွေကို နားထောင်ခဲ့ရသူသည် ကျမသာ ဖြစ်သည်. ဒီအချိန်အထိရောက်မှတော့ ရှောင်လွှဲနေသည်မှာ သရဲဘောကြောင်ရာ ရောက်သည်.
သူမမှာ စဉ်းစားငဲ့ညှာစရာ ဘာရှိသလဲ အရင်ဆုံးသိအောင် လုပ်ခဲ့ရသည်.
သူမက ကျမရဲ့ မျက်လုံးတွေကို ဖတ်နိုင်ဖို့ကြိုးစားနေသည်တဲ့လေ.
ရယ်ချင်စရာပါ.. ဗလာမျက်လုံးမျိုးမှာ ဘယ်လို ခံစားချက်မျိုးရှိနိုင်မှာလဲကွယ်.
ဟန်ဆောင်စကားတွေကို စိတ်အရင်းအတိုင်း ပြောဆိုပီးသည့် နောက်မှာတော့…………….
…………………………………………………………………………………………………………………….
သူ့ရဲ့ မျက်လုံးတွေရော နှုတ်ခမ်းတွေကပါ ပြုံးနေခဲ့သည်.
သူ့ရဲ့ အပြုံးက လက်ဖက်ရည်ခွက်တွေထဲကိုပင် စီးဝင်နေခဲ့သည် ထင်သည်.
လက်ဖက်ရည်သည် ချိုစိမ့်မဟုတ်ဘဲ ချိုမြနေခဲ့သည်.
ကျမ သိပ်ဝမ်းသာပါသည်.
သူတို့နှစ်ယောက်ရဲ့ လက်တွေ ခိုင်ခိုင်မြဲပါစေလို့ ကျမ တကယ့်ကို ဆုတောင်းပေးခဲ့သည်.
အဲ့သည့်နေ့က လက်ဖက်ရည်တစ်ခွက် သောက်နေဆဲအချိန်တွင် ရင်ခုန်သံတွေ ရပ်တန့်ခဲ့ရသည်.
စိတ်ကူးယဉ်အိပ်မက်မှကူးပါသည်...
No comments:
Post a Comment