ကျန်းမာရေးလျှို့ဝှက်ချက်များ

တရုတ်ရုပ်သံလိုင်းဖြစ်တဲ့CCTVက အသက်(၇၆)နှစ် ရှိပြီဖြစ်တဲ့ တရုတ် ကျန်းမာရေး ပညာရှင်
ပါမောက္ခ Wan Cheng Kuiနဲ့ အစီအစဉ် တစ်ခု တင်ဆက်သွားခဲ့တယ်။

အစီအစဉ်မှာ Wan Cheng Kuiက သူ့ရဲ့ကျန်းမာရေး၊ ပျော်ရွှင်ရေး၊ အသက်ရှည်ရေး
လျှို့ဝှက်ချက်တွေကို ပြောသွားခဲ့တယ်။

(၁) ကျန်းမာဖို့အတွက် သင့်ကိုယ်ပေါ်မှာ မူတည်တယ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့
သတ်မှတ်ချက်အရ လူတစ်ယောက်ရဲ့ အသက်ရှည်ရေးနဲ့ ကျန်းမာရေး ဟာ ၁၅%က
မျိုးရိုးကြောင့်၊ ၁ဝ%က လူမှုပေါင်းသင်းရေးကြောင့်၊ ၈%က ရောဂါဘယကြောင့်၊ ၇%က
ရာသီဥတုကြောင့်နဲ့ ၆ဝ%က ကိုယ့်ကိုယ်ပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

လူအများသိပြီးကြတဲ့အတိုင်း မနက်စာကို ကောင်းကောင်းစား၊ နေ့လယ်စာကို ဝအောင်စား၊
ညစားကိုလျော့စားလို့ ဆိုကြပေမယ့် အခုခေတ်မှာတော့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။

အခုခေတ်လူတွေက မနက်စာကို ဖြစ်သလိုစား၊ နေ့လည်စာကို ကြုံရာစား၊ ညစားကို အဝအပြဲစား
ကြတယ်။
ဒါဟာ ရောဂါရဲ့ရင်းမြစ်ဖြစ်တယ်။
မနက်စာဟာ အားဆေးနဲ့တူတယ်။ တစ်နေ့လုံးရဲ့အရေးပါတဲ့တစ်နပ်မို့ အာဟာရဖြစ်တာတွေ
စားရပါတယ်။

မနက်ပိုင်းအာဟာရတွဲဖက်စာအဖြစ် ပဲနို့ရည်၊ ကွေကာအုပ်နဲ့ ပန်းသီးတွေကို တွဲစားနိုင်ပါတယ်။

အဓိကအစာမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးပါရပါမယ်။
အခုခေတ်လူတွေက့ ၂ဝ% မနက်စာ မစားကြသလို ၅ဝ%-၆ဝ% က မနက်စာ မစားတတ်ကြဘူး။

မနက်စားအာဟာရအတွက် နေ့လယ်၊ ညနေစာတွေနဲ့ ပြန်အစားထိုးလို့ မရနိုင်ပါဘူး။

(၂) လောကမှာ မကောင်းဆုံးအကျင့်က ဆေးလိပ်သောက်တာပဲ

လောကမှာ မကောင်းတဲ့အကျင့်(၅)ခုရှိတယ်။ ပထမတစ်ခုက ဆေးလိပ်သောက်တာပဲဖြစ်တယ်။
တစ်သက်လုံး ဆေးလိပ်သောက်သူဟာ နှစ်(၂ဝ)-(၂၅) စောသေကြတယ်။ ဆေးလိပ်တစ်ခါ
သောက်ရင် (၁၁)မိနစ် အသက်တိုတယ်။
ကျွန်တော်ဘာလို့ အရွယ်တင်နေသလဲ?

ကျန်းမာနေသလဲဆိုတာ ကျွန်တော်တစ်သက်မှာ ဆေးလိပ်မသောက်ဖူးဘူး။
ကျွန်တော့်ရှေ့မှာ ဆေးလိပ်လာသောက်ရင် ဆောရီးပဲ တခြားနေရာမှာ သွားသောက်ပါ။
သင့်ကိုယ်သင် သေကြောင်းကြံလို့ရတယ်။ တခြားလူကိုတော့ သင်မသတ်ပါနဲ့။

မနက်ထလာတာနဲ့ ဆေးလိပ်သောက်တာ ပိုအန္တရာယ်ရှိတယ်။
ဆေးလိပ်သောက်သူတွေဟာ လေပြွန်နာ၊ အဆုတ်လေနာ၊ အဆုတ်အတွင်းနာ၊ အဆုတ်ကင်ဆာ
စတဲ့ရောဂါတွေကို ရနိုင်ပါတယ်။

(၃) အာဟာရများရင်လည်း အဆိပ်ဖြစ်တယ်

နေ့တစ်နေ့တာရဲ့ အစားအစာတွေကက အရွက်စိမ်း (၈)အောင်စ သို့မဟုတ် (၅ဝဝ)ဂရမ်၊ အသီး
(၂)လုံး၊ ဟင်းရွက်ဆီ (၃)ဇွန်း၊ (၂၅)ဂရမ်ထက်မပိုရ။ ထမင်း(၄)အောင်စ သို့မဟုတ်
ပေါက်စီအသားလွတ်(၄)လုံးနဲ့ ပရိုတင်းအပြည့်အဝပါတဲ့ အစားအစာတွေဖြစ်တယ်။

တစ်နေ့ကို ရေ(၈)ခွက်သောက်ရတယ်။ ရေက လူတွေရဲ့အသက်ပဲ။ ဒါပေမဲ့ အခုခေတ်လူတွေက
ရေအသောက်နည်းကြတယ်။ ဆာမှ သောက်ကြတယ်။ တကယ်ဆို ဆာမှသောက်တာမဟုတ်ဘဲ
အားတာနဲ့သောက်နေရမယ်။ ရေအစား ရေနွေးကြမ်းရော ရသလားမေးရင် မရဘူး။ ကော်ဖီ၊
အချိုရည်၊ ဘီယာနဲ့အစားထိုးရင်ရော ရသလားမေးရင် မရဘူး။
ရေနွေးကြမ်းသောက်မယ်ဆိုရင်လည်း အခါးခြောက်နည်းရမယ်။ သေချာမှတ်ထားပါ.... ရေက
လူတွေရဲ့အသက်ပါ။ (၄) လူတွေက အို၊ နာသေတာမဟုတ်ဘူး၊ စိတ်ကြောင့်သေတာ လူတွေ
စိတ်မတိုဘဲနေနိုင်လား? လူဆိုတာ ခံစားချက်ရှိတဲ့သတ္တဝါတွေ။၊
ငိုမယ်၊ ရယ်မယ်၊ တိုမယ်၊ လွမ်းမယ်၊ ကြောက်မယ်၊ လန့်မယ်။ ပျော်ရင်ရယ်တယ်၊ မပျော်ရင်
ငိုတယ်။ စိတ်တိုတဲ့အခါ နှစ်ခွန်းလောက်ဆဲလိုက်ရမှ ... ဒါဟာ လူတွေရဲ့ခံစားချက်ဖြစ်တယ်။

တကယ်လို့ ခံစားချက်တစ်မျိုးပဲရှိရင် ဒီလူ မကျန်းမာတော့ဘူး။

ခံစားချက်ပြည့်ဝတဲ့ လူတွေက ဘာလုပ်ချင်ရင် ဘာလုပ်ကြတယ်။
ဒါပေမဲ့ တစ်ခုမှတ်ထားရမှာက အလွန်အကျွံမဖြစ်ရဘူး။
အလွန်အကျွံဖြစ်ခဲ့ရင်လည်း အချိန်မကြာရဘူး။ ခံစားချက်ကို ခပ်မြန်မြန်လေး ပြန်ထိန်းညှိရမယ်။
ဒါမှ ကျန်းမာတယ်။

ဘုရင့်ကျမ်းစာမှာ ရှင်းရှင်းလင်းလင်းရေးထားပြီးသားပါ။
"စိတ်တိုရင် အသဲကိုထိတယ်၊
ပျော်ရင် နှလုံးကိုထိတယ်၊
စိုးရိမ်ကြောင့်ကြရင် အဆုတ်ကို ထိတယ်၊
လွမ်းဆွေးရင် သရက်ရွက်ထိတယ်၊
ကြောက်ရင် ကျောက်ကပ်ကိုထိတယ်၊
စိတ်ကြောင့် ရောဂါရတယ်"။

တကယ်တမ်းပြောရရင် လူအများက အိုသေ၊ နာသေတာမဟုတ်ဘူး။
စိတ်ကြောင့်သေကြတယ်။

အကြီးအကဲမလုပ်ရလို့ စိတ်ကြောင့်သေသွားတယ်၊ ဆရာမလုပ်ရလို့ စိတ်ကြောင့်သေသွားတယ်၊
ပိုက်ဆံရှာမရလို့ စိတ်ကြောင့် သေသွားတယ်။

လူအိုတချို့ ကိစ္စသေးသေးမွှားမွှားနဲ့ စိတ်ညစ်၊ စိတ်တိုပြီးသေသွားတယ်။ ဒီလိုလူမျိုးတွေ
တော်တော်များများ ကျွန်တော်ကြုံဖူးတယ်။

ဒါကြောင့် ကျွန်တော်ပြောချင်ပါတယ်။ "စိတ်တိုဒေါသထွက်လို့ရတယ်။ ဒါပေမဲ့ ထွက်တတ်ရတယ်။
ခံစားချက်ရဲ့ဓားစာခံတော့ မလုပ်ရဘူး။

ခံစားချက်ရဲ့အရှင်သခင်ပဲလုပ်ရမယ်။ ခံစားချက်ကို မောင်းနှင်သူဖြစ်ရမယ်၊ ခံစားချက်ရဲ့
အမောင်းနှင်ခံရသူတော့ မဟုတ်နဲ့"

(၅) လမ်းလျှောက်တာဟာ အကောင်းဆုံးအားကစားပါ
ဘယ်အရာမဆို အတိုင်းအတာတစ်ခုတော့ရှိတယ်။
စားတာလည်း အတိုင်းအတာ၊ အိပ်တာလည်း အတိုင်းအတာ၊ အားကစားလုပ်တာလဲ
အတိုင်းအတာရှိတယ်။
အားကစားမလုပ်ရင် မကောင်းသလို လွန်လွန် ကျွံကျွံ လုပ်ရင်လည်း ရောဂါခုခံ နိုင်အားကို
ကျဆင်းစေတယ်။

နေ့တိုင်း နာရီဝက်က တစ်နာရီထိ အားကစားလုပ်နိုင်တယ်။
လုပ်တဲ့နည်းကလည်း ရိုးရှင်းတဲ့နည်းကို အသုံးပြုလို့ရတယ်။
နာရီဝက်လောက် လမ်းလျှောက်ရုံပါပဲ။
ရိုးရှင်းပြီး ငွေကုန်ကြေးကျစရာလည်း မလိုဘူး။ အကျိုးလည်း အရမ်းရှိတယ်။

ဒါပေမဲ့ လမ်းလျှောက်ရာမှာ သတိပြုရမယ့်အချက်တွေရှိတယ်။
လူငယ်တွေက မြန်မြန်လျှောက်ရတယ်။

တစ်မိနစ်ကို ခြေလှမ်း(၁၃ဝ)ထိ၊ နှလုံးခုန်နှုန်း တစ်မိနစ်ကို (၁၂ဝ)ကြိမ်ထိ
ခပ်မြန်မြန်လေးလျှောက်ရတယ်။
ဒါမှ နှလုံးကို လေ့ကျင့်ပေးရာရောက်တယ်။
တစ်မိနစ်ကို ခြေလှမ်း(၁၃ဝ)၊ နှလုံးခုန်နှုန်း(၁၂ဝ) ရောက်ဖို့က ခဏလေးနဲ့တော့ လုပ်လို့မရဘူး။
ခြေလှမ်းမှန်မှန် မြန်မြန်လှမ်းနိုင်မှရတယ်။

ဒါကို နှစ်ဝက်လောက် သင်လုပ်နိုင်ရင် သင့်နှလုံး၊ အဆုတ်ရဲ့အကျိုးကို ၃ဝ% က ၅ဝ%ထိ
မြင့်တင်ပေးနိုင်ပါတယ်။

လူတစ်ယောက်ဟာ လူငယ်အရွယ်ကစ စံသတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အလေးချိန်ကို
ထိန်းထားရမယ်။
ကျွန်တော်ဆိုရင် အသက်(၃ဝ)ကတည်းက ဒီခန္ဓာအလေးချိန်ပဲ။
ဝလာပြီဆိုတာနဲ့ အလေးချိန်လျော့ဖို့က ခက်သွားပြီ။
အဓိက,က ပါးစပ်ကိုထိန်းမယ်၊ ခြေများများလှုပ်ရှားမယ်။
လူတွေက ပါးစပ်ကသာပြောတယ်။
ခြေကတော့ မလှုပ်ဘူး။

(၆) အရက်အလွန်အကျွံ တစ်ခါမူးရင် အသဲရောင်ရောဂါဖြစ်ဖို့ နီးပြီ

ကမ္ဘာကထုတ်ပြန်တဲ့ မကျန်းမာတဲ့နေထိုင်မှု(၆)မျိုးထဲမှာ -
(၁) ဆေးလိပ်သောက်တာ
(၂) အရက်သောက်တာပါတယ်။
အရက်ကို အလွန်အကျွံသောက်တာဖြစ်တယ်။
အရက်ကို နည်းနည်းသောက်ရင် ကောင်းကျိုးရှိနိုင်သေးတယ်။

ဥပမာ-- နေ့တိုင်းအရက်ဖြူကို တစ်အောင်စသောက်မယ်၊
ဝိုင် အထူးသဖြင့် စပျစ်ဝိုင်နီကို ၂အောင်စသောက်မယ်၊
ဘီယာကို ၂၅ဝဂရမ် ဒါမှမဟုတ် ၅ဝဝဂရမ်လောက် သောက်နိုင်ပါတယ်။

အလွန်အကျွံသောက်တာက ခန္ဓာကိုယ်ကို ထိခိုက်စေတယ်။
အသဲ၊ ဦးနှောက်၊ နှလုံး စတဲ့ ကိုယ်အင်္ဂါတွေကို ထိခိုက်စေပါတယ်။

အရက်အလွန်အကျွံ တစ်ခါမူးရင် အသဲရောင်ရောဂါဖြစ်ဖို့ နီးပြီ။
ဒါကို မှတ်ထားပါ။ အရက်သောက်တာက အသဲကိုထိခိုက်စေတဲ့အပြင် မှတ်ဉာဏ်ကိုလည်း
ကျဆင်းစေတယ်။

အရက်ကြောင့် ဦးနှောက်ဆဲလ်တွေ သေသွားလို့ဖြစ်တယ်။
တစ်နေ့ကို ၁အောင်စလောက်သောက်တာက လုံခြုံစိတ်ချရတဲ့ အနေအထားပါ။

(၇) မိသားစု မသင့်မြတ်ရင်လည်း ကျန်းမာရေးကို ထိခိုက်စေတယ်

လူတွေကိုရောဂါဖြစ်စေတဲ့နှုန်း ရဝ%က မိသားစုက လာတယ်လို့ တတ်ကျွမ်းသူအချို့က
ဆိုပါတယ်။
ကင်ဆာ ရောဂါဖြစ်နှုန်း ၅ဝ%က မိသားစုကလို့ဆိုတယ်။
မိသားစုဟာ အရေးကြီးသလား မကြီးဘူးလား?

အိမ်မှာက "ရန်ပွဲအသေး နေ့တိုင်းရှိတယ်၊ ရန်ပွဲအကြီး တစ်ရက်ခြားရှိတယ်"ဆိုတာမျိုး
မဖြစ်ပါစေနဲ့။
ရေသေအိုင်လိုလည်း မိသားစု အိုင်မဖြစ်စေနဲ့။
အငြင်းမပွား၊ စကားမပြောဘဲ လဝက်လောက် နေကြည့်ပါလား! ပျင်းရိ ခြောက်သွေ့ပြီး
သေသွားနိုင်တယ်။

လင်မယားကွာရှင်းထားတဲ့လူ၊ အိမ်ထောင်ဖက်သေဆုံးသွားတဲ့လူတွေရဲ့ အသက်ဟာ
ပိုတိုကြောင်း အစီအစဉ်မှာ ကျွန်တော်ကြည့်ခဲ့ရဖူးတယ်။
သိပ္ပံပညာမှာလည်း ဒါကိုအသိအမှတ်ပြုထားတယ်။
အထီးကျန်တာဟာ ဆင်းရဲတာထက် ပိုကြောက်ဖို့ ကောင်းတယ်။

အချင်းချင်းချစ်ကြတဲ့ လင်မယားတွေက အသက်ပိုရှည်တယ်။
တစ်ယောက်ထဲ ထီးထီးနေသူတွေက အသက်ပိုတိုပြီး ရောဂါပိုများတယ်။
ဒီလိုဆိုရင် သင့်မြတ်တဲ့ မိသားစုတစ်စုဖြစ်အောင် ဘယ်လိုလုပ်မလဲ? ဒါလည်း ပညာသား
ပါပါတယ်။

သင့်မြတ်တဲ့မိသားစုဖြစ်ဖို့-
(၁) အသက်ကြီးသူကို လေးစားပါ၊
(၂) ကလေးတွေကို ပြုပြင်ထိန်းကျောင်းပါ၊
(၃) ယောက္ခမ_ချွေးမကြားကဆက်ဆံရေးကို ကောင်းမွန်အောင်လုပ်ပါ၊
(၄) လင်မယားအချင်းချင်း ချစ်ခင်နှစ်သက်ပါ.. ဒါဟာ အရေးအကြီးဆုံး အချက်ဖြစ်တယ်။

လင်မယားအချင်းချင်း ချစ်ခင်နှစ်သက်ဖို့ အချက်(၈)ချက်ကို လုပ်နိုင်ရပါမယ်။

အချင်းချင်းလေးစားမှု၊
အချင်းချင်း ချစ်ခင်မှု၊
အချင်းချင်းယုံကြည်မှု၊
အချင်းချင်း ရိုင်းပင်းမှု၊
အချင်းချင်းနှစ်သိမ့်မှု၊
အချင်းချင်းအားပေးမှု၊
အချင်းချင်း အလျော့ပေးမှု၊
အချင်းချင်း ခွင့်လွှတ်မှုတွေဖြစ်တယ်။

လူတိုင်းမှာ အကျင့်စရိုက်ကိုယ်စီရှိကြပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုအမြဲ အသိပေးရပါတယ်။
ထားလိုက်တော့... သူ(သူမ) ဝမ်းသာပျော်ရွှင်ရင် ပြီးတာပါပဲ။

ကိုယ်ချစ်တဲ့လူကို ငယ်ရွယ်စဉ်အချိန်အခါမှာ ချစ်ရုံတင်မက၊ သူ(သူမ) အိုမင်းသွားတဲ့အခါလည်း
ချစ်မယ်၊ သူ(သူမ) ကျန်းမာတဲ့အခါလည်း ချစ်မယ်၊ မကျန်းမာတဲ့အခါ ပိုချစ်မယ်၊ သူ(သူမ)ရဲ့
ကောင်းကွက်ကို ချစ်ရုံတင်မက ဆိုးကွက်ကိုလည်း ချစ်ရပါမယ်။
ဒါဟာ ကျွန်တော့်ရဲ့ သတိပေးစကားပါ။
သေချာမှတ်ထားပေးပါ။

နေ့တိုင်းကျန်းမာတဲ့ဘဝကိုရဖို့ အချက်(၇)ချက်ကို လုပ်ရပါမယ်။
(၁) တစ်နေ့ထမင်းသုံးနပ် မှန်မှန်စားရပါမယ်
(၂) တစ်နေ့(၈)နာရီ မှန်မှန်အိပ်ရပါမယ်
(၃) တစ်နေ့ အားကစားနာရီဝက် မှန်မှန်လုပ်ရပါမယ်
(၄) စိတ်နှလုံးကျန်းမာဖို့ တစ်နေ့ နာရီဝက် ပြုံးရယ်ရပါမယ်
(၅) ဒါက ထူးခြားချက်ပါ။ နေ့တိုင်း အိမ်သာတက်ရပါမယ်။
လူတွေက အပေါ်ပေါက်အဝင်ခံပြီး အောက်ပေါက်က မထွက်ကြဘူး။
ဒါဟာ သဘာဝဖြစ်စဉ်ပါ။
အိမ်သာတက်ကိုတက်ရပါမယ်။

(၆)ကိုယ်ချစ်တဲ့လူနဲ့ ပေါင်းသင်းဆက်ဆံရေးသင့်မြတ်ရပါမယ်။
သူ(သူမ)နှစ်သက်တဲ့ စကားသုံးခွန်းကို ပြောပေးပါ။
ယောက္ခမနဲ့လည်း ဆက်ဆံရေးကောင်းမွန်ရပါမယ်။

(၇) အရက်၊ ဆေးလိပ် ဝေးဝေးရှောင်ရပါမယ်

(၈) ဦးနှောက်နဲ့ထမင်းစားပြီး ကျန်းမာရေးကိုထိန်းပါ

ကျန်းမာဖို့ နေ့တစ်နေ့တာကစရပါတယ်။
နေ့တိုင်းကျန်းမာမှ တစ်သက်ကျန်းမာနိုင်မှာပါ။
"စားနိုင်သောက်နိုင်တိုင်း မကျန်းမာဘူး၊ စားတတ်သောက်တာမှ ကျန်းမာတယ်။
လျှောက်စား လျှောက်သောက်ရင် ပိုဆိုးတယ်"၊
"ဗိုက်နဲ့အစားစားတာ ပြည့်ဝဖို့၊
ပါးစပ်နဲ့ အစားစားတာ အရသာခံဖို့၊
ဦးနှောက်နဲ့ အစားစာတာ ကျန်းမာဖို့"၊

"မနက်စာ ဘုရင်လိုစားပါ၊
နေ့လယ်စာ မှူးမတ်လိုစားပါ၊
ညစာ သူတောင်းစားလိုစားပါ"
ကျွန်တော့်ရဲ့ဒီစကားတွေကို မှတ်ထားပေးပါ။

(၉) ကန်စွန်းဥက ကမ္ဘာပေါ်မှာ အကောင်းဆုံး အစား အစာပါ

အသီးအရွက်စားနှုန်းက ရဝ%-၈ဝ% ရှိရပါမယ်။
အသားစားနှုန်းက ၂ဝ%- ၃ဝ%ရှိရပါမယ်။
ဒါကို မှတ်ထားပါ။ ဒါပေမဲ့ အခုခေတ်က ပြောင်းပြန်ဖြစ်နေတယ်။
ဒါကြောင့် ရောဂါပေါင်းစုံဖြစ်ကြရတယ်။
အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါ။

အသီးအရွက်တွေမစားလို့ မရပါဘူး။
အခုခေတ်ကလေးတွေက ဟင်းသီးဟင်းရွက်တွေ မစားကြဘူး။
အသီးစားတာလည်း နည်းသွားတယ်။
တစ်နေ့ကို အသီး ၃,၄မျိုး၊ အရွက် ၄,၅မျိုး စားရပါမယ်။ ဒါတွေဟာ ကင်ဆာကို ကာကွယ်သလို
နှလုံးကိုလည်း ကာကွယ်ပါတယ်။

ဒါဟာ ၂၁ ရာစုရဲ့အာဟာရအစာတွေပါ။

ကန်စွန်းဥကတော့ အကောင်းဆုံး အစားအစာပေါ့။
အရင်ဂျပန်က ကင်ဆာရောဂါအဖြစ်ဆုံး နိုင်ငံပါ။
ကင်ဆာရောဂါဖြစ်နှုန်း ကျအောင်ဆိုပြီး ဂျပန်လူမျိုးတွေက နည်းအမျိုးမျိုး တွေးတောခဲ့ကြတယ်။
ဒါပေမဲ့ အကျိုးမရှိခဲ့ဘူး။

နောက်တော့ သူတို့က အသီးအနှံ အမျိုး(၂ဝ)နဲ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။
အဲဒီအထဲမှာ ကန်စွန်းဥက အကောင်းဆုံး ဆိုတာကို တွေ့လိုက်တယ်။
ကန်စွန်းဥအစိမ်း၊ အကျက်က ကင်ဆာကိုကာကွယ်ပေးတယ်၊ နှလုံးကို ကာကွယ်ပေးတယ်၊
သွေးကြောကို ပျော့ပြောင်းစေတယ်၊ ဝမ်းပျော့စေတယ်။

တကယ်လို့ ကျန်းမာရေးက ၁ ဆိုရင် ကျန်တဲ့အရာတွေအားလုံးက သုညပါ။

ကောင်းတဲ့ကျန်းမာရေးက ၁ ဆိုရင် ကျန်တဲ့အလုပ်အကိုင်၊ စီးပွားရေး... စတာတွေက
သုညဖြစ်တယ်။
ကျန်းမာရေးကောင်းရင် ကျန်းမာရေး(၁)နောက်မှာ တခြားအရာ(သုည)တွေ လိုက်လာလိမ့်မယ်။
ဒီလိုဆိုရင် ၁ဝဝ, ၁ဝဝဝ, ၁ဝဝဝဝ တွေနဲ့ ဆတိုးဖြစ်လာမှာဖြစ်တယ်။

ကျန်းမာတဲ့ ၁ကိုပိုင်ဆိုင်ထားရင် တခြားအရာတွေ နောက်ကလိုက်လာပါတယ်။
ဒီလိုဆိုရင် ပျော်ရွှင်ကျန်းမာတဲ့ဘဝကို သင်ပိုင်ဆိုင်နိုင်ပါပြီ

လေးစားစွာဖြင့်   ဘရိုနီထွန်း 

No comments:

Post a Comment

လူ့ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ~~~~~~~~~ဆက်သွယ်ရန် bronitun@gmail.com